vendredi 19 novembre 2010

မျက်နှာပြင်ကိုမပျက်စီးရအောင် ဂရုတစိုက်....



“ ဟယ် နင် မျက်နှာလည်း မကောင်းဘူး..”..

“ ကျ သွားတယ်နော်..”

အစ ရှိသဖြင့်.. တွေ့တွေ့ချင်း ဇောက်နဲ့ထွင်း သလို... စကားလုံးတွေ နဲ့ ပစ်ပေါက် ခံရတာကတော့...

သူစိမ်း တယောက်က ကိုယ့်ကို ဘာကြောင့် ရယ်.. ဘယ်ဝါ၇ယ် မသိပေမဲ့.... သူ ပထမဆုံး တွေ့လိုက်ရတဲ့ မျက်နှာပြင်ကို ကြည့်..အကဲခတ်ပြီး... မှတ်ချက်ချ လိုက်ခြင်း ကြောင့်ပေါ့.....


အဲ့လောက် အရေးပါတဲ့ မျက်နှာပြင်ကို မလိုအပ် ပဲ..ထိခိုက် ပျက်စီးမှူ တွေ မဖြစ်ရအောင်....၊ စိတ်ထောင်းလို့ မျက်နှာ မကျေရလေအောင်.....၊ ညစ်ထေးထေး မျက်နှာပြင်မျိုးကို စွန့်ပစ် နိုင်အောင်........၊ အရွယ်မတိုင်မီ ပဲဖြစ်ဖြစ် အရွယ်လွန်နေပြီးတာတောင်မှ အသားအရေ လျော့တွဲကျခြင်း နဲ့ ပျက်စီးခြင်းက အတတ်နိုင် ဆုံး ကာကွယ် ရအောင်......

နေ့စဉ် လုပ်နေကျ အလုပ်ကလေးတွေ...နေထိုင်မှု ပုံစံလေးတွေ....အစားအသောက် နဲ့ အပြုအမူ လေးတွေကနေ တဆင့် ပြုပြင် ပြောင်းလဲ ယူလို့ ရနိုင်ပါတယ်။

ပထမဆုံး.. အလှပြင် ပစ္စည်းလေး တွေကနေ စမယ်နော်..

၁။ မိတ်ကပ် ၊ သနပ်ခါး၊ ခရင်မ်၊ ပေါင်ဒါများ လိမ်းချယ်တဲ့နေရာမှာ.. ပ ထမဆုံး သတိ ပြုရမဲ့ အချက်က

အသားကို အောက်ကို ဖိဆွဲချခြင်းကို ရှောင်ဖို့ပါ။

နဖူးပြင်ကို လိမ်းမယ်ဆို အလယ် နေရာလေုက်မှာ လိမ်းမဲ့ ပစ္စည်းကို ပုံချလိုက်ပြီး ဘယ်နဲ့ ညာကို လက်နှစ်ဖက်သုံး ပြီး အသာအယာ ဆွဲ ပေးပါ။အပေါ်ကို တိုးလိမ်းတဲ့အခါ နှာခေါင်းအစပ်၊ မျက်ခုံး၂ဖက် အလယ်ကနေ အပေါ်ကို တဲ့တဲ့ဆွဲတင်ပြီး ဘယ် နဲ့ ညာကို ခွဲ ထွက်ပြီး လိမ်းချယ်ပါ။ (T ပုံ စံမျိုး)

ပါး နှစ်ဖက်ကို လိမ်းမယ်ဆို လက် နဲ့ပဲ ဖြစ်ဖြစ် ပတ်ဖ် နဲ့ပဲ ဖြစ်ဖြစ် စုတ်တဲနဲ့ ပဲ ဖြစ်ဖြစ် စက်ဝိုင်းပုံ စံ လှည့် လိမ်းပေးပါ။
  1. မိတ်ကပ်ကို ပါးရိုး ပေါ်နားလောက်မှာ ပုံ ထားတယ် ဆိုပါစို့... နား ဘက်ကို ဆွဲပါ။ နောက် အောက်နားကို ဆွဲလိမ်းပါ ၊ ပြီးရင် အပေါ်ဖက်ကို ပြန်ဆွဲတင်ပါ။
  2. သတိထားရမဲ့ အချက်က။ ။ အပေါ်ကနေ အောက်ကို တအားဆွဲချတာမျိုး ကြီး မဖြစ်ဖို့ပါ။
  3. အောက်ကနေ အပေါ်ကို ပင့်တင်တဲ့ အနေအထား မျိုး ဖြစ်အောင် လိမ်းမှ... အသားအရေ လေးအသက်ကြီး တာတောင် တင်းရင်း နေမှာပေါ့။
၂။ အချိန်လွန် နေပြီ ဖြစ်တဲ့ အလှပြင်ပစ္စည်းတွေကို မသုံးပါနဲ့။ အလွန်တကာ့ အလွန်ဆုံးတောင် တစ်နှစ်ပေါ့၊ တစ်နှစ်ထက် ပိုကြာ သွားတဲ့ ပစ္စည်းတွေကို အမှတ်တမဲ့ တွေ့မိရင်တောင် ပြန်မသုံးပါနဲ့။

၃။ အသားအရေနဲ့ ပတ်သတ် တဲ့ အသုံးအဆောင် ပစ္စည်းတွေကို သန့်ရှင်းအောင်ထားပါ။

သဘက်(မျက်နှာသုတ်ပ၀ါ)၊ ဘီး၊ အလှပြင်ပစ္စည်း စုတ်တံများ၊ ပတ်ဖ် အစရှိတဲ့ အရာတွေကို ပုံမှန် ဆေးကြော သန့်စင်ပေးခြင်းက ရောဂါ ပိုးမွှား တွေ မတွယ်ကပ်နိုင်စေတဲ့အတွက်... သန့်စင် သန့်ရှင်း တဲ့ အသားအရေ နဲ့ ဆံကေသာ တွေကို ပေးစွမ်းနိုင်ပါတယ်။

၎။ မျက်နှာသစ်ဆေး.......

မျက်နှာသစ် ဆေးကို ၀ယ်မယ်ဆို.. ကိုယ့် အသားအရေ အတွက် သင့်တော်တဲ့ ဆေးကို ရွေးဝယ်ပါ.။

ကြော်ငြာကောင်း လို့၊ ဈေးပေါလို့၊ သူငယ်ချင်းနဲ့ တူတူသုံးမလို့....ဆိုတဲ့ ဆင်ခြေမျိုးနဲ့ တွေ့ကရာ အလွယ်တကူ မ၀ယ်လိုက်ပါနဲ့။ မျက်နှာသစ်တဲ့ အခါ အဆင်ပြေပြေ မဖြစ်ရင်...အလှပြင်တဲ့အခါ စိတ်တိုင်းကျ.လှတ ပတ ဖြစ်ဖို့ ဘယ်မိတ်ကပ်မှ မကယ်နိုင်ပါဘူး။

ကိုယ့် အသားအရေက ခြောက်သွေ့တာမျိုးလား၊ အဆီပြန်တတ်တာလား၊ သာမန်ပဲလား၊ ထိခိုက်လွယ်လား၊ (နူးညံ့လွန်းတဲ့ အထိမခံရွှေပန်းကန် မျိုးလေးလား) အစရှိဖြင့်ပေါ့......

ကိုယ့်အသားအရေအမျိုးအစားကို သေချာ သိနေဖို့ လိုအပ်ပါတယ်။

“ တကယ်လို့ များ မျက်နှာသစ်ဆေး ရယ်လို့ တကူးတက ၀ယ် သုံးလေ့ မရှိဖူး ဆိုရင်... မျက်နျာသစ် ဆပ်ပြာနဲ့ ကိုယ်တိုက် ဆပ်ပြာ ကိုတော့ အနည်းဆုံး ခွဲထားသင့်ပါတယ်။ အတတ်နိုင်ဆုံး မျက်နှာ အတွက်ဆိုရင်... အရည်အသွေးကောင်းတာလေးကို ရွေးသုံးပေးပါ။ ”

၅။ အညစ် အကြေး သန့်စင်ရာမှာ...

“ ဆားဝက်ခြံပို့စ် မှာ တွဲ ရေးပေးချင်ပေမဲ့.. ဒီမှာပဲ တခါတည်း ရေးလိုက်ပါတော့မယ်နော်..”


မသုံးတော့တဲ့ သွားပွတ်တံ အဟောင်းပဲဖြစ်ဖြစ် (ကလေးသုံး သပွတ်တံလေးဆို ပိုကောင်းမယ် ) သွားပွတ်တံအသစ်လေးပဲ ၀ယ်မယ်ဆိုရင်ပဲ ဖြစ်ဖြစ်....

သေချာတာကတော့..... ဆပ်ပြာတိုက်ပြီး သပွတ်တံလေးနဲ့ ညင်ညင် သာသာ ပွတ်ပေးရင်.... အညစ်အကြေးတွေ ပြောင်ပြီး၊ ဆားဝက်ခြံကိုလည်း ပါးပါး သွားစေပါတယ်။ ခန ခန တော့ မတိုက်နဲ့ပေါ့၊ တစ်ပတ်ကို ၂ကြိမ် အများဆုံး တိုက်ပေးနိုင်ပါတယ်။

နောက်တခုက.. လက်နဲ့ ဆေးတဲ့ အခါ လက်သည်းနဲ့ အရမ်း မကုတ်ဖဲ့ပါနဲ့..။ ချီးပြောင်တယ်ဆိုရုံလေး ညင်ညင်သာသာ ပွတ်တိုက်ပါ။
ဆေးကြောသန့်စင်ပြီးသွားတဲ့ မျက်နှာပြင်ကို ..သွေးလည်ပတ်မှု ကောင်းအောင်. လက်ချောင်းကလေးတွေ သုံးပြီး နှိပ်နယ်ပေးပါ။.. လက်ချောင်းလေးတွေ..လမ်းလျှောက်နေသလိုမျိုးပေါ့။


၆။ အရေးကြီးတဲ့ မျက်လုံးတ၀ိုက်...

။ ။ ဘယ်လို မျက်နှာ ပေါင်းတင် နည်းပဲ ဖြစ်ဖြစ် အသုံးပြုမယ်ဆို မျက်လုံးတ၀ိုက်ကို မထိပါစေနဲ့။
။ ။ မျက်လုံးကို လိမ်းတဲ့ ခရင်မ် မိတ်ကပ် သပ်သပ်ကို ရွေးသုံးပါ။ (တချို့ အဆီဓါတ်ပါတဲ့ ခရင်မ်တွေက မျက်လုံးနေရာပါ လိမ်းလို့ ရတယ်လို့ ပြောထားရင် လိမ်းနိုင်ပါတယ်။ )

။ ။ မျက်လုံး မိတ်ကပ်ကို ချွတ် ဖို့ ဆေး သပ်သပ် ၀ယ်ပါ။ မျက်တောင် ချွတ်ဆေးပေါ့။ မျက်တောင်ဆေးနဲ့ မိတ်ကပ်တွေကို သာမန် ဆပ်ပြာနဲ့ မဆေးပါနဲ့။

“ မျက်တောင် ချွတ်ဆေး ကုန်နေလို့ အခက်တွေ့နေတဲ့ အချိန်ဆို မီးဖို ချောင် ၀င်ပြီး သံလွင်ဆီကို သာ ရှာလိုက်ပါ။ မျက်တောင်ချွတ်တဲ့ ဂွမ်းစပေါ်မှာ သံလွင်ဆီ အနည်း ငယ်ပုံပြီး ချွတ်လိုက်ရင် ဆေး ထက်တောင် ပိုပြောင်နေသေးတာကို တွေ့ရပါမယ်။ နောက်မှ ချွဲကျိနေတာကို ဆပ်ပြာနဲ့ အသာအယာ ပြန်ဆေးပါ။”


။ ။ ညအိပ်ရာဝင်တိုင်း မိတ်ကပ်တွေဖျက်ပြီး မျက်နှာသစ် ဖို့ မမေ့ပါနဲ့။

။ ။ ညဘက် လိမ်းတဲ့ ခရင်မ် တွေကို ညတိုင်း မသုံးမိပါစေနဲ့။ တပတ်ကို ၂ရက်လောက်ပဲ ဖြစ်ဖြစ် မျက်နှာသစ်ပြီး ဘာမှ မလိမ်းပဲ အိပ်ရာ ၀င်ပါ။ ချွေးပေါက်ကလေးတွေ ပွင့် သွားအောင်ပေါ့။

“ အခွင့်အခါများ ကြုံခဲ့ရင်.ပေါ့..... ကိုယ်က မျက်နှာမှာ သနပ်ခါး၊ မိတ်ကပ် မရှိတဲ့ အချိန် ပဲ ဖြစ်ဖြစ်၊ ဆေးကြောသန့်စင်ပြီး ခါစပဲဖြစ်ဖြစ်..... ထမင်းပေါင်းအိုးက ကျက်တဲ့ အချိန်နဲ့ ကြုံရင်.. အမြန်လေးပြေးသွားပြီး အဖုံးကို ဖွင့်... ထမင်းအိုးအပေါ်ကနေ (ခပ် ခွာခွာလေးပေါ့နော်..အပူလဲလောင်အုံးမယ်) ၄၊ ၅ စက္ကန့်လောက် မျက်နှာအပ်ပေးထားပါ။”


ဆန်မှာပါတဲ့ အန်တီအောက်စီဒင့် ဒတ်နဲ့ အပူ ငွေ့ တွေရဲ့ အစွမ်းက အသားအရည်ကို လှပစေတဲ့
ပေါင်းတင်ပစ္စည်းတွေထဲက အရေးပါတဲ့ အရာတွေပါ။

၇။ စိတ်ကို ကြည်ကြည် လင်လင် ထားပါ။

စိတ်မှာ စိတ်ညစ်စရာ၊ စိတ်ဖိစီးမှုနဲ့၊ သောက တွေ ဒေါသ တွေနဲ့ ညစ်ထေး နေတဲ့အခါ... မျက်နှာမှာ အလိုလို ပေါ်လာတတ်တာ သဘာဝပါ။ အတတ်နိုင်ဆုံး.... စိတ်ကို ပျော်ရွှင်စွာ ထားတတ်အောင် လေ့ကျင့် ပါ။

မကြာခန ရယ်မောပါ။
“ သတိရတိုင်း... မျက်နှာပေါ်မှာ အသေးငယ်ဆုံး အပြုံးလေးတခုကို ပန်ဆင် ထားပါ။ ”


၈။ အသား ထက် ငါးကို ပိုစားပါ။ ရောင်စုံ အသီးအရွက်နဲ့ သစ်သီးများကို များများ စားပါ။

ကျမတို့ မြန်မာ တွေထမင်း ၀ိုင်း မှာ စားတဲ့ တို့စရာ က ကျန်းမာ ရေးအတွက် သိပ်ကောင်းတဲ့ အစားအစာပါ။

အစိမ်းရောင် အသီးအရွက်၊ ငရုတ်သီးရောင်စုံ ။

နောက် လက်ဖက် စားခြင်းက ကျန်းမာရေးကို ကောင်းစေတယ်၊ ဆိုးဆေးမပါတဲ့ လက်ဖက် ကို နေ့စဉ် စားသုံးပေခြင်းက ကင်ဆာ ရောဂါကို ကာကွယ်ပေးတယ်။

နောက် အချိုတဲဖို့ ငှက်ပျော်သီး အစရှိသဖြင့် ပေါ့....။


၉။ အိပ်ရေး ၀၀ အိပ်ပါ။


အိပ်ရေးမ၀ရင်.. မျက်ကွင်းညိုပြီး.. မျက်နှာ ချောင်ကျ နေတတ်တယ်။ အသားအရေလည်း ညစ်ပတ်နေသလိုဖြစ်တတ်တယ်။
၁၀။ အအိပ် မလွန်ပါစေနဲ့ မျက်နှာပြဲလာလိမ့်မယ်။^^

............................................ hope you enjoy it ..................

Aucun commentaire:

Enregistrer un commentaire